"ဝူး…ပလူး…ဂူး…ဂူး…ကလိ…ဂျိဂျိ"
ထိုယောင်သံမျိုးက ဘယ်သူက ဘယ်လိုစတင် အသုံးပြုခဲ့သည်မသိ။ယောင်သံများက ပတ်ဝန်းကျင်ကို ရယ်ရွှင်မှုဖြစ်စေသည်။
တချို့ကလဲ ခါးတို့လိုက်လျှင် ဘုရားတရားနှင့်ပတ်သတ်သမျှ ထွက်ကျတတ်ပြီး တချို့ကလည်း အဆဲစကားများ ကြားရတတ်သည်။ တချို့ကလည်း ဘာမှန်းမသိသော ဘာသာစကားမျိုးများလည်း ပေါ်ထွက်တတ်ပါသည်။
ဦးရွှေအောင် ယပ်တောင်လေးခတ်ပြီး ရိုက်ကွင်းကိုဝေ့ကြည့်မိသည်။ မီးထိုးမှန်ထိုးကအစ ဒါရိုက်တာအဆုံး ပျားပန်းခပ်မျှ စည်ကားနေသည်။
ဦးရွှေအောင်မှာ ရှေးယခင်ကတော့ နာမည်ကြီးမင်းသားပင်။ ယခုကတော့ အသက်အရွယ်လည်းရ ။ မိသားစုတာဝန်ထမ်းဆောင်နေရသေး၍ အလုပ်ကို နား၍မဖြစ်။ ထို့ကြောင့်ဇာတ်ပို့ဇာတ်ရံဘဝနှင့်သာ တကယ့်ဘဝကို ဆက်လက်စီးမျောနေရသေး၏။
အခြွေအရံ အသင်းအပင်းနည်းစွာနှင့် လာခေါ်လိုက်တိုင်း ကျရာဇာတ်ရုပ် သရုပ်ဆောင်နေရခြင်းပင်။
ယခင်ကတော့ နာမည်ကြီးမင်သားတို့ထုံးစံအတိုင်း မိန်းမ အရက်နှင့် မကောင်းတာမျိုးစုံလည်း အနားမှာဝိုင်းနေတတ်ပါသည်။
မိန်းမ အရက်နှင့်မကောင်းတာများက ပရိသတ်ရှေ့လုပ်၍မရသောကြောင့် မမြင်ကွယ်ရာများ၌သာ ပျော်ပါးခဲ့ကြောင်းလည်း ဝန်ခံလိုသည်။
သို့သော် လူရှေ့သူရှေ့များ၌တော့ ထိုကဲ့သို့ပျော်ပါး၍မရ။ ထို့ကြောင့်လူမြင်တင့်တယ်စေရန် ယောင်တတ်သူများရှာ၍ စတတ်ခြင်းပင်။
"ရလိ…ရလိ…ကျလိ…ကျလိ…ရဲ ပလူး ပလူးပ…"
ယောင်သံများက သူ့အတွက်ပျော်ရွှင်မှုကို ဖြစ်စေသည်။ ယောင်သံများက သူ့ကို ပီတိဖြစ်စေသည်။
ထို့ကြောင့် ရိုက်ကွင်းနားချိန်များ၌ ယောင်တတ်သူများကို ရှာဖွေ၍ စနောက်နေရခြင်းသည်လည်း သူ့အတွက်အပျော်ရှာခြင်းတစ်မျိုးပင်။
အထူးသဖြင့် ခါးတို့လိုက်လျှင် အသံစုံယောင်တတ်သော ဇာတ်ပို့ဇာတ်ရံကြီး ဦးသာထူးကို သူသဘောအကျဆုံးဖြစ်သည်။
ဦးသာထူးသည်လည်း တစ်ခါက နာမည်ကြီး မင်းသားဖြစ်ခဲ့သော်ငြား အသက်အရွယ်ရလာသည်အထိ မိသားစုတာဝန် ထမ်းဆောင်ရင်း ဤလောက၌ တဝဲလည်လည်ရှိနေသေးသည်။
ဦးသာထူးမှာ ရှေးလူကြီးဖြစ်သော်လည်း သရုပ်ဆောင်ပညာမှာ ထူး၍ကောင်းမနေပါ။ သို့သော်သူ၏အားသာချက်မှာ အသံစုံအောင်ယောင်တတ်ခြင်းပင်။
ထို့ကြောင့် သူရိုက်ကွင်းနားသည့်အချိန်တိုင်း …
"ဦးသာထူးကို ခေါ်လိုက်စမ်းဟေ့"
ဆိုလျှင်အားလုံးကသိသည်။ ဦးသာထူးကလည်း သူရယ်မောပျော်ရွှင်အောင် ခါးတို့တိုင်းအသံမျိုးစုံနှင့် အသံစုံ ရယ်ပြလေသည်။
ရိုက်ကွင်းတစ်ခုလျှင် မင်းသားက စိတ်ချမ်းသာနေမှဖြစ်သောခေတ်မို့
"ရွှေအောင်ကိုငှားရင် ဖိုးသာထူးကြီးပါ ချိတ်ထားဟေ့၊ ဒါမှ မင်းသားကရိုက်ကွင်းမှာပျော်မှာ"
ဟုဆို၍ မင်းသာပျော်အောင် ယောင်တတ်သူကို ငှားပေးထားရ၏။ ထို့ကြောင့် သူ့ကားတိုင်း၌ ဖိုးသာထူးကြီးမှာ သရုပ်ဆောင်မကောင်းသော်ငြား၊ မင်းသား၏ ပျော်တော်ဆက်မို့ ခြံစောင့်သော်လည်းကောင်း၊ ကားဒရိုင်ဘာသော်လည်းကောင်း၊ တစ်ခန်းစ၊ နှစ်ခန်းစ ထည့်၍ မင်းသားပျော်အောင်ထားရ၏။
ဒါမှလည်း မင်းသားက ရိုက်ကွင်းမှာပျော်မှာကိုး ။မင်းသားပျော်မှ ရိုက်ကွင်းကလည်းဖြစ်မှာကိုး။ တော်ကြာမင်းသားကစိတ်ကောက်ပြီး မရိုက်တော့ဘူးဆိုလျှင်ဒုက္ခ။
ယခုတော့ ဖိုးသာထူးကြီးလဲ ဆုံးရှာပြီ။
ယခင်က ရွှေထီးဆောင်းခဲ့သော သူဘဝကို ပြန်တွေးမိရင်း ပြုံးမိသေးသည်။ ယခုရော…
"အဘဦးရွှေအောင် မင်းသားခေါ်နေတယ်"
ရှုတင်မန်နေဂျာလေးက ပြေးရင်းပြောသည်။
သူသက်ပြင်းချလိုက်မိသည်။ မင်းသားခေါ်နေသည်နှင့် သူဘာလုပ်ရမည်ကို သိသည်။
ထိုကဲ့သို့မလုပ်ပါက သူ့လို လူအိုကြီးတစ်ယောက်ကို မခေါ်တော့လျှင် မိသားစုအတွက် အခက်မဟုတ်လား။ ထို့ကြောင့်မလုပ်ချင်သော်ငြား၊ မင်းသားအား ပျော်တော်ဆက်ရပေဦးမည်။
"ဟေ့ အဘိုးကြီး၊ မင်းသားခေါ်နေပါတယ်ဆိုမှ ဘာငိုင်နေတာလဲ အမြန်ထ"
ဆိုကာ ခါးတို့ပြောလိုက်သော ရှုတင်မန်နေဂျာ စကားကြောင့်
"ရဲ…ပလူး..ပလူး.. ဂျစ် ဂျစ် ရှား …ရယီ … ဂုလု …ဂုလု"
ဘယ်ကဘယ်လို ထွက်သွားမှန်းမသိသော ယောင်သံပေါင်းစုံ။ ရှုတင်မန်နေဂျာလေး၏ ရယ်သံ။
သူသက်ပြင်းချရင်း မင်းသားဆီ တုန်တုန်ယင်ယင်နှင့်ထွက်ခဲ့မိသည်။ မင်းသားဆီရောက်လျှင် မင်းသားခါးတို့တိုင်း သူယောင်သံပေါင်းစုံနှင့် ယောင်ပြရဦးမည်။
ဒါမှသာ…။
0 comments:
Post a Comment